Monday, August 29, 2011

ကျနော် မရေးချင်ပါ သို့သော်……

ဆရာဇီဝဇိုး

                 ဘာသာရေးနှင့် ဆက်နွယ်နေသော အကြောင်းအရာများကို ကျနော်အနေဖြင့် မဖော်ပြချင် မတင်ပြချင် မရေးသားချင်ပါ။ ဤဆောင်းပါးသည် စာရေးသူတစ်ယောက်တည်း၏ ခံစားချက်မဟုတ်ဘဲ ပြည်ပတွင် နေထိုင်သော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရင်တွင်းမှ ဖြစ်ပေါ်လာသော တူညီသော ခံစားချက်များကြောင့် ယခုကဲ့သို့ ထုတ်ဖော်ရေးသား တင်ပြရခြင်းသာဖြစ်ပါသည်။

နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်း နိုင်ငံတော်ကို မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် နိုင်ငံတော်ကြီးလည်း ဆင်းရဲမွဲတေ၊ ပြည်သူလူထု တစ်ရပ်လုံးလည်း အကျင့်စာရိတ္တပျက်ပြား၊ ရဟန်းသံဃာ များလည်း အူမတောင့်မှ သီလစောင့်နိုင်မည် ဆိုသည့်မူကို လက်ကိုင်ထားပြီး၊ ယင်းနှင့်ပင် အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို မှာယွင်းမှု စနစ်ဆိုး တစ်ခုကြောင့် တလောကလုံး အမှောင်ကျခဲ့ရသည်မှာ ယနေ့ထိတိုင် ဆက်လက်ဖြစ်ပွားနေသည်။ အဆိုးဆုံးက ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလိုမျိုး ဖြစ်နေပြီလား။

ပြည်သူလူထု တစ်ရပ်လုံး စားဝတ်နေရေး အတိ့ဒုက္ခရောက် နေချိန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးကို မှားယွင်းသော စနစ်ဆိုး အမှောင်ထုကြီးတစ်ခုက ဖုံးလွှမ်းထားခြင်း ခံနေရချိန်တွင် ရဟန်းအသွင် လက္ခဏာကို ဆောင်ထားသော ပုဂ္ဂိုလ်များက ဘာသာရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွါး အတွက် အမြတ်ထုတ်နေ ကြသည့် ရဟန်းအချို့ကိုလည်းတွေ့ရသည်။

ရဟန်းဆိုသည် အလှူခံစားရမည်ဟု ဘုရားရှင်က မိန့်ကြားထားသော်လည်း အချိန်နှင့် အခါအပေါ်တွင် မူတည်ပြီး အခြေအနေကို လေ့လာသုံးသပ်ကာ လက်ရှိအခြေအနေမျိုးတွင် အလှူခံသင့် မသင့် ပညာဥာဏ်ဖြင့် စဉ်းစားဆုံးဖြတ်သင့်သည်။

တစ်ကိုယ်ရေ တကာယ မျှတလောက်သော အလှူကိုသာ လက်ခံပြီး လောကတ္ထစရိယ -လောကကြီးတခုလုံး ငြိမ်းချမ်းရေး၊ ဥာတတ္ထစရိယ- ဆွေမျိုး ညာတကာ အကျိုးစီးပွါးဖြစ်ထွန်းရေး၊ ဗုဒ္ဓတ္ထစရိယ၊ အမျိုး ဘာသာ သာသနာ ထွန်းကားရေးစသည့် ဦးတည်ချက်သုံးရပ်ကို လက်ကိုင် ထားပြီး ကျင့်ကြံပွါးများ အားထုတ်ရမည့်တာဝန်မှာ ဘာသာရေးကို ချစ်မြတ်နိုးသော ရဟန်းကောင်း ရဟန်းမြတ်တို့၏ ကျင့်စဉ် တရပ်ပင် ဖြစ်သည်။

ရဟန်းကောင်း ရဟန်းမြတ်တို့သည် လောကကြီး ငြိမ်းချမ်းရေး၊ ပြည်သူလူထုကောင်းစားရေးနှင့် အမျိုးဘာသာ ထွန်းကားရေးအတွက် ကျင့်ကြံအားထုတ်ကြသည်။

ရဟန်းအသွင် လက္ခဏာဆောင်နေကြသည့် အချို့သော ရဟန်တို့သည် အထက်ဖေါ်ပြသည့် တရားများနှင့် ဆန့်ကျင်ပြီး ကိုယ်ကျိုးအတွက် မသမာနည်းဖြင့် ဝင်ငွေရှာ၊ အမြတ်ထုတ်နေကြသည့် ရဟန်းတို့လည်း အလွန်ပင်များပြားလွန်းသည်။

အထူးသဖြင့် ယနေ့ခေတ်ကာလ၌ကား အလှူခံ ပုဂ္ဂိုလ်များ အလွန်များပြားလာကြသည်။ အချို့သောရဟန်းတို့သည် ဟိုအကြောင်းပြ၊ သည်အကြောင်းပြပြီး နေရာအနှံ့ အလှူခံထွက်နေကြသည်ကိုလည်း တွေ့မြင်ရသည်။

ရဟန်းတပါး ဆွမ်းငတ်ပြီးသေခဲ့သည် ဟူ၍လည်း သမိုင်းတစ်လျှောက်လုံးတွင် မတွေ့ဖူး၊ မကြားဖူးသေးပါ။

ပြည်သူများသာ နိုင်ငံရေးအကျပ်အတည်း၊ စီးပွါးရေးအကျပ်အတည်းကြောင့် ငတ်ပြတ်ပြီး သေကြေ ပျက်စီးကြရသည်ဟုသာ တွေ့မြင် ကြားသိ နေရသည်။

ဘာသာရေးအပေါ်တွင် ပြည်သူလူထုသည် အမှန်တကယ် တာဝန်ကျေပွန်ကြပါသည်။
ရဟန်းကောင်း ရဟန်းမြတ်တို့သည်လည်း ပြည်သူလူထုဘက်မှ အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည် ပေးသင့်ပါသည်။

ဘာသာရေး၏ အသက်သွေးကြောသည် ပြည်သူလူထု၏ လက်ထဲ၌သာရှိသည်၊ ပြည်သူတို့၏ အကျိုးစီးပွါးကို ကာကွယ် စောင့်ရှောက်ခြင်းသည် ဘာသာတရား ကိုလည်း ထိန်းသိမ်းရာ ရောက်ပေသည်။

ရွာစဉ်၊ မြို့စဉ်လှည့်လည်ကာ ကိုယ်ကျိုးစီးပွါးအတွက် အလှူခံထွက်နေခြင်းသည် ပြည်သူ လူထုကို လည်း ဒုက္ခပေးရာ ရောက်သလို ဘာသာတရားကိုလည်း ညှိုးနွမ်း ထိခိုက်စေပါသည်။

ရဟန်းကောင်း ရဟန်းမြတ်တို့အနေဖြင့် မိမိဗုဒ္ဓဘာသာကို အမှန်တကယ် ချစ်မြတ်နိုးသည်ဆိုလျှင် တိုင်းပြည်တရားမျှတမှု ရှိအောင် ပထမဆုံး လုပ်ဆောင်ရမည်။ တိုင်းပြည်တရားမျှတမှု ရှိလာပါမှ ပြည်သူများ၏ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ် နေရေး စသည့် အရေးကိစ္စများ အဆင်ပြေ လာမည်ဖြစ်သည်။

အထက်ပါ အရေးကိစ္စများ အားလုံးအဆင်ပြေပြီးမှ မိမိတို့ကိုးကွယ်ရာ ဘာသာတရားကိုလည်း သက်ဝင်ယုံကြည် လှူဒါန်းဆည်းကပ် လာကြမည်ဖြစ်သည်။

ယခုကဲ့သို့ ပြည်သူများ အလှူဒါန်းပြုနိုင်ရန် လက်ထဲမှာငွေရှိရန် လိုအပ်သည်။ လက်ထဲမှာ ငွေရှိရန်အတွက်လည်း စီးပွါးရေး အဆင်ပြေရန် လိုအပ်ပေသည်။

စီးပွါးရေးအဆင်ပြေမည်ဟု ဆိုရာတွင်လည်း ပထမဆုံးအနေဖြင့် နိုင်ငံရေး တည်ငြိမ် အေးချမ်းရန် လိုအပ်ပေသည်။

နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု ရှိရန်အတွက်လည်း နိုင်ငံတော်ကို စီမံခန့်ခွဲအုပ်ချုပ်သော လူတန်းစားများက တရားမျှတမှုရှိရန်မှာ အဓိကကျနေပေသည်။

မည်သည့်အကြောင်းအရာတွင်မဆို တခုနှင့်တခု၊ တနည်းနှင့် မဟုတ် တနည်း၊ အားလုံး ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်မှုရှိနေကြသည့် အနေအထားကိုတွေ့ရသည်။

ဆက်စပ်မှုရှိနေကြသော အရာများသည်လည်း တစ်စုံ တစ်ခုတည်းဖြင့် သီးခြားရပ်တည်၍မရနိုင်။

“ဘာသာတရားသည် ပြည်သူတို့၏ ထောက်ပံ့ကူညီမှုကိုမရရှိပဲ သီးသန့် ရပ်တည်၍ မရနိုင်သကဲ့သို့ ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသော ရဟန်းတို့သည်လည်း ပြည်သူများအပေါ်တွင် ဥပေက္ခာရှု ထား၍မရနိုင်။”

ပြည်သူလူထုတစ်ရပ်လုံးနှင့် အမျိုးဘာသာ၊ သာသနာသည် အင်္ဂလိပ်ကိုလိုနီ လက်အောက်သို့ ကျရောက်နေခဲ့ရချိန်၌ ဆရာတော် အသျှင်ဦးဥတ္တမ၊ ဆရာတော်ဦးစိန္ဒာနှင့် အခြား ရဟန်းသင်္ဃာတော်များသည် တိုင်းပြည်ကိုလိုနီ ကျွန်ဘဝမှလွတ်မြောက်ရေး၊ အမျိုး ဘာသာ သာသနာထွန်းကားရေးအတွက် ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့ကြသော ပြည်သူ့ဘက်တော်သား ဆရာတော်ကြီးများအဖြစ် ရပ်တည်ပေးခဲ့ကြသည်ကို အထင်အရှား တွေ့မြင်ခဲ့ရပြီးဖြစ်သည်။

တိုင်းပြည်သည် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးအကျပ်အတည်း ဂယက်ရိုက်ခတ်နေချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲ ဒုက္ခရောက်နေချိန်မျိုး၌ ရဟန်းတို့သည် ပြည်သူလူထုကို စာနာထောက်ထားရန် လိုအပ်လှပေသည်။

အထူးသဖြင့် အလုပ်သမားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တတ်နိုင်သည့်ဘက်မှ ကာကွယ်စောင့်ရှောက်မှုများပေးရန် လိုအပ်ပေသည်။

အတိတ်က ဒါန၊ သီလ၊ ဘာဝနာ၊ နိဗ္ဗာန်ကိုသာ လက်ကိုင်ထားပြီး ရှေ့တန်းတင် ဟောပြောနေရုံမျှဖြင့် လက်ရှိ ပြည်သူတို့၏ဘဝ အခြေအနေကို ဖြေရှင်းပေးနိုင် လိမ့်မည် မဟုတ်။ ပြည်သူတို့၏ လက်ရှိဘဝ အခြေအနေနှင့် ဆက်စပ်နေသော အကြောင်းတရားများကိုသာ ဦးစွာ ဖြေရှင်း ပေးကြရမည် ဖြစ်သည်။

ရဟန်းတို့သည် ဒကာ၊ ဒကာမများဖြစ်ကြသည့် ပြည်သူလူထုအပေါ်တွင် ပြန်လည် ကြည့်ရှု စောင့်ရှောက်သင့်သည်။
အဘယ်ကြောင့် ဆိုသော် ပြည်သူလူထုတရပ်လုံးသည် အချိန်နှင့်အမျှ ဘဝကိုရုန်းကန်နေကြရသည်။

အရာရာအားလုံးကို စဉ်းစားတွေးတောနိုင်ရန် အချိန်မပေးနိုင်ကြချေ။
ရဟန်းတို့သည်ကား ပြည်သူများ ပေးလှူအပ်သော ဆွမ်းကို မပင်ပန်း မနွမ်းနယ်ပဲ ကောင်းစွာ စားသုံးကြရပြီး အရာရာအားလုံးကိုလည်း စဉ်းစားတွေးတောနိုင်ရန် အချိန်များ ပေးနိုင်ကြသည်။

ယင်းကြောင့် ရဟန်းတို့သည် ပြည်သူလူထုတို့ မလုပ်နိုင်သော အချို့သော တာဝန်များကို ပြည်သူ့ကိုယ်စား လုပ်ဆောင်ပေးရမည်ဖြစ်ပေသည်။

“ဗုဒ္ဓဘုရားရှင်သည် သက်တော် ထင်ရှားရှိစဉ် ကာလပတ်လုံး အတ္တ ကိုယ်ကျိုးကို ကြည့်ကာ တစ်ကိုယ်တကာယ ကောင်းစားရေးအတွက် မည်သည့်အရာ တခုကိုမျှ မလုပ်ခဲ့ပါ၊

ပရဟိတ အများအကျိုးကိုသာ အစဉ်ရှေ့ရှုပြီး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။”

ဤအကြောင်းတရားများကို ထောက်ရှုသောအားဖြင့် ရဟန်းကောင်း ရဟန်းမြတ်များသည် ကိုယ်ကျိုးကို စွန့်လွှတ် အနစ်နာခံပြီး အများ ပြည်သူအကျိုးကိုသာ လုပ်ဆောင်ရန်တာဝန်ရှိသည်ဟု ပေါ်လွင်ထင်ဟပ်စေသည်။

ယနေ့အချိန်အခါမျိုးတွင် လူအများက ဘာသာရေး၌ သက်ဝင်ယုံကြည်မှု လျော့နည်း ကျဆင်းလာကြသည်ကို တွေ့ရှိရသည်။

ယင်းကဲ့သို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ အလှူခံ ပုဂ္ဂိုလ်များ ပေါများလာသည်နှင့်အမျှ ဘာသာရေးနှင့် ရဟန်း သင်္ဃာတော်များ အပေါ်တွင်လည်း ယုံကြည်မှု နည်းပါး လာကြသည်ကို တွေ့ရပေ သည်။

လှူချင်၊ မလှူချင်မှန်းမသိ အိမ်စဉ်လျှောက် အလှူခံ နေကြသော ရဟန်းများ သည်လည်း များလွန်း လှပေသည်။
ယင်း၏ အကျိုးဆက်ကား အချို့သော သူများသည် ရဟန်းသင်္ဃာတစ်ပါးပါးကို မိမိအိမ်ရှေ့တွင် တွေ့မြင် လိုက်ရသည်နှင့် တပြိုင်နက် အိမ်တံခါးဝ များကို ပိတ်လိုက်ကြ တော့သည်။

အဆိုးဆုံးက ရဟန်းသင်္ဃာအချို့တို့သည် “ပြည်တွင်းနေ ပြည်သူများသည် စီးပွားရေး စားဝတ်နေရေး အကြပ် အတည်းကြောင့် အလှူခံ၍ မရနိုင်” စသည့်အတွေးကြောင့် ပြည်ပကို သာသနာပြုထွက်မည်ဟု တပည့် ဒကာ၊ ဒကာမများထံ အကြောင်းပြပြီး ပြည်တွင်း၌ပင် လမ်းစရိတ် အတွက် အလှူခံကြ ပြန်သည်။

ယင်းနောက် ပြည်ပသို့ ထွက်ခွာကာ ပြည်ပသို့ ရောက်လာကြပြီးနောက် အဆိုပါ ရဟန်းသင်္ဃာများ သာသနာ ပြုနေကြပုံမှာ -
မြန်မာ့ရွေ့ပြောင်း အလုပ်သမားများရှိရာ စက်ရုံ၊ အလုပ်ရုံ၊ ပန်းရံဆိပ်၊ လှေဆိပ်စသည်များသို့ လှည့်လည်ကာ အလှူခံသည့် သာသနာပြု လုပ်ရပ်ကိုသာ တစိုက်မတ်မတ် ကျင့်ကြံ လုပ်ဆောင်နေကြသည်ကို နေရာအနှံ့တွေ့ရပေသည်။

ဤသို့ လုပ်ဆောင်နေကြသည်ကို ရဟန်းသင်္ဃာတော်များ အနေဖြင့် သာသနာပြု လုပ်ငန်းစဉ်ဟု ဆိုနိုင်ပါမည်လား။

ဗုဒ္ဓကျင့်စဉ်နှင့်ကား လိုက်လျောညီထွေမှု ရှိနိုင် ပါမည်လား။ အချို့သော ရဟန်းတို့သည် အသိမိတ်ဆွေ တကာ တကာမများထံသို့ သွားရောက်ချဉ်းကပ်ပြီး အလှူခံမည့် ကိစ္စကို ဆွေးနွေး တိုင်ပင်ကြသည်၊

“ဒကာတို့ စက်ရုံလုပ်ငန်းခွင်မှာ အလှူပွဲ၊ တရားပွဲ လုပ်လို့ရနိုင်မှာလား လုပ်လို့ရနိုင်မယ်ဆိုရင် ဒကာက ဦးဆောင်ပြီးလုပ်။ ဒကာကို ဦးဇင်းက အလှူခံလို့ရတဲ့ ငွေထဲက သုံးပုံ တပုံပေးမယ်” ဆိုပြီး ဘုန်းကြီးက ဒကာကို မက်လုံးပေးကာ စည်းရုံး လိုက်သည်။

ဒကာများကလည်း ဘုန်းကြီးပြောသည်ကို အားကျပြီး “ငါအလုပ်ဆင်းလျှင် ဘတ် (၂၀၀) ပဲရမယ်၊ ဘုန်ကြီးပြောတာ လိုက်လုပ်ပေးရင် (၅၀၀၀) အထက်ရမယ်” စသဖြင့် စဉ်းစားပြီး ဘုန်းကြီးပြောသည်ကို လိုက်နာထောက်ခံပြီး အနီးအနား မှာရှိသည့် အလုပ်သမားများကို တရားပွဲလုပ်ရန်၊ အလှူပွဲလုပ်ရန် အတွက် နှိုးဆော် စည်းရုံးတော့သည်။

တရားပွဲ၊ အလှူပွဲများ ဖြစ်မြောက်လာပြီးနောက် ဘုန်းကြီးကတရားဟော… ဟောလိုက်သည့်တရားက ဒါနကိုအခြေခံ နိဗ္ဗာန် ရောက်ကြောင်းတရားပါ။

ဟောနေသည့်တရားက နိဗ္ဗာန်ရောက်ကြောင်းတရား။ လက်တွေ့မှာ လုပ်နေသည် အလုပ်က ဟောနေသည့် တရားနှင့် ဖီလာကန့်လန့် ဖြစ်နေသည်။

အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနှင့် ရဟန်းများ သာသနာပြုပုံက အနာဂတ် သာသနာတော် အတွက် ရင်လေးစရာပင် ကောင်းနေပါပြီ။

ပြည်ပမှာ ခေတ်စားနေသော ဒကာနှင့် ဆရာ သာသနာပြုပုံက…
ဝါဆိုကာလ၊ ကထိန်ကာလတို့တွင် ရဟန်းတို့သည် ရွေ့ပြောင်း အလုပ်သမား များရှိရာ လုပ်ငန်းခွင်များသို့ ဖုန်းဖြင့် သော်လည်းကောင်း၊ ကိုယ်တိုင် သွားရောက်၍ သော်လည်းကောင်း သင်္ကန်း ကပ်လှူရန် အတွက် သော်လည်းကောင်း စသဖြင့် အလှူအမျိုးမျိုးကို ခေါင်းစဉ်တပ်ကာ စည်းရုံးကြသည်။

ပြည်တွင်းမှ နာမည်ကြီး ဆရာတော်များ သည်လည်း ဝါဆို၊ ကထိန် ကာလအတွင်း ပြည်ပကိုလာပြီး သင်္ကန်းရောင်းကြသည်၊
သင်္ကန်းတစ်စုံကို (၄၀၀) မှ (၅၀၀) ဘတ်ဖြင့် သင်္ကန်းများ ရာနှင့်ချီ၍ ရောင်းစားကြသည်။

သင်္ကန်းရောင်းပြီးသည်နှင့် တခါတည်း ရွေ့ပြောင်းအလုပ်သမားများရှိရာ လုပ်ငန်းခွင်၌ တရားပွဲပါ ကျင်းပကြသည်။

ထိုင်းနိုင်ငံတွင် အနေကြာကာ လုပ်ရဲကိုင်ရဲသူ လည်းဖြစ် ထိုင်းစကားလည်းတတ်သော သူများသည် ယခုကဲ့သို့ ရဟန်း အထာများကို သိထားသည့်အပြင် ယခင်ကလည်း လုပ်ကိုင်ခဲ့ဖူးသောကြောင့် အလှူပွဲကာလအတွက် သင်္ကန်းများကို ကြိုတင် စုဆောင်း ထားကြသည်။

အလှူပွဲကာလမှာ ရဟန်းတို့သည် ဒကာများထံမှ သင်္ကန်းကို အခကြေးငွေပေးပြီး ငှါးကြရသည်၊ အလှူပွဲ ပြီးသည်နှင့်တခါတည်း ငှားယူထားသော သင်္ကန်းနှင့် ငှားရမ်းခ ငွေကိုပါ တပါတည်း ဒကာထံသို့ ပြန်ပေးအပ်ကြရသည်။

ယင်းကဲ့သို့ ဒကာနှင့် ဆရာ နားလည်မှု ချစ်ကြည်ရေး အလှူခံများသည် နေရာအနှံ များပြားလွန်းသည်။
မြန်မာနိုင်ငံသည် စစ်အာဏာရှင်တို့၏ အုပ်ချုပ်မှု ယန္တရားအောက်ကို ကျရောက်နေပြီး ပြည်သူလူထုသည်လည်း စစ်ကျွန်ဘဝနှင့် ဆင်းရဲဒုက္ခ ရောက်နေကြသည်ကို ရဟန်းတို့သည် မျက်ဝါးထင်ထင် တွေ့မြင်နေရဆဲ ဖြစ်ပေသည်။

ရဟန်းတို့အနေဖြင့် အလှူခံခြင်း လုပ်ရပ်ကိုသာ သာသနာပြု လုပ်ငန်းစဉ်အဖြစ် လက်ခံကျင့်သုံးနေမည်ဆိုပါက အနာဂတ် သာသနာတော်ကြီးအတွက် သာသနာ့အန္တရာယ်များ ဖြစ်နေပြီလား။

ရဟန်းတို့သည် မိမိသာသနာကို တကယ်ချစ်မြတ်နိုးသည်၊ သာသနာပြုလုပ်ငန်းစဉ်ကို သာသနာတော် တိုးတက် စည်ပင် ပြန့်ပွားစေရေးအတွက် အမှန်တကယ် လုပ်သင့်သည်ဟု ခံယူထားပါက အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ပြည်သူ့ ဘက်ကနေ ရပ်တည်ပြီး မြန်မာနိုင်ငံတွင် အမှန်တရား ပေါ်ပေါက်ရေး အတွက် လုပ်ဆောင်ပေး ရမည်ဖြစ်သည်။

သာသနာပြု လုပ်ငန်းစဉ်ဟူသည် ကိုယ်ကျိုးအတွက် အလှူခံခြင်းကို ဆိုလိုသည်မဟုတ်ပေ။ အမှန်တရား အစဉ် တိုးတက် ရေးနှင့် ငြိမ်းချမ်းရေးကို ဆိုလိုခြင်းပင် ဖြစ်ပေသည်။

ရဟန်းတို့ လုပ်ဆောင်ရမည့်တာဝန်သည် ငြိမ်းချမ်းရေးမျှသာဖြစ်သည်။
ဗုဒ္ဓဘုရားရှင်သည်လည်း လောကဝေါဟာရအားဖြင့် ဖွင့်ဆိုရမည် ဆိုပါက ငြိမ်းချမ်းရေးကို ဦးတည်သော နိုင်ငံရေးသမား တစ်ဦးအဖြစ် ဖွင့်ဆိုလျင် မှားဖွယ်ရာ ရှိလိမ့်မည်ဟု မထင်ပါ။

ဆရာနှင့် ဒကာပူးပေါင်းပြီး အလှူပွဲကြီးတွေ တခမ်းတနား ကျင်းပနေမည့်အစား၊ ဆရာနှင့် ဒကာလက်တွဲပြီး မြန်မာနိုင်ငံ တရားမျှတမှုနှင့် အမှန်တရား ပေါ်ပေါက်ရေးအတွက် တာဝန်သိသိ၊ တာဝန်ရှိရှိနှင့် လုပ်ဆောင်ကြမည် ဆိုပါက နိုင်ငံတော်လည်း တရားမျှတ၊ ပြည်သူတွေလည်း ဆင်းရဲဒုက္ခမှလွတ်မြောက်၊ သာသနာ တော်ကြီးလည်း အစဉ်တိုးတက် လာမည်ပင်ဖြစ်သည်။

            ဘုရားတပည့်တော်သည် ဤဆောင်းပါးကို ရေးသားရခြင်းမှာ အမျိုးဘာသာ သာသနာအစဉ်တိုးတက်ရေးကို မျှော်ကိုးပြီး ရှောင်ရန်နှင့် ဆောင်ရန်များ အမှန်အတိုင်း ပိုင်းခြားစိတ်ဖြာသိရှိနိုင်ရန်အတွက် ရေးသားတင်ပြရခြင်းဖြစ်ပါသည်။
            ရေးသားခြင်းအပေါ်မှာ ဘုရားတပည့်တော်၏ အယူအဆသည် မှားယွင်းနေသည်ဟု ထင်မြင်ယူဆချက်များ ဖြစ်နေပါက ဘုရားတပည့်တော်သည် ဦးခိုက်ပါသည် ဘုရား။

               မေတ္တာတရားနှင်၊့ အမှန်တရားသည် ကမ္ဘာကြီး၌ ထာဝရ တည်တံ့ခိုင်မြဲပါစေ။

                                                                                                ဆရာဇီဝဇိုး               
     
                                                                                                          


No comments:

Post a Comment